ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှောမဖြစ်စေဖို့
ခရီးသွားတဲ့အခါ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာကို ဆေးပညာအရ Travellers' Diarrhoea လို့ ခေါ်ပါတယ်။ ခရီးသွားတဲ့အခါမှာ အဆင်ပြေသလို၊ ဖြစ်သလို စားသောက်ရတာ များတဲ့အတွက် ဝမ်းပျက်ဝမ်းလျှောလည်း ပိုဖြစ်လွယ်ပါတယ်။ အထူးသဖြင့် စားလိုက်တဲ့ အစားအစာက မသန့်ရှင်းတာ၊ ယင်နားစာတွေ ဖြစ်နေတာ၊ မသန့်ရှင်းတဲ့ ရေတွေ သောက်မိတာမျိုးကြောင့်ပါ။
ခရီးသွားတဲ့အခါ ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်ပြီး အများအားဖြင့် မပြင်းထန်ပါဘူး။ ရောဂါလက္ခဏာတွေကတော့ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေရဲ့ ထုံးစံအတိုင်း
- တစ်နေ့ကို ၃ ကြိမ်နဲ့အထက် ဝမ်းအရည်တွေ သွားတာ
- ဝမ်းသွားချင်စိတ် မကြာခဏ ဖြစ်တာ
- ဗိုက်ရစ်နာတာ
- ပျို့အန်တာ
- ဖျားတာတွေ ဖြစ်နိုင်ပါတယ်။
အောက်ပါ အခြေအနေတွေဖြစ်လာပြီဆိုရင်တော့ အရေးပေါ်ကုသမှုခံယူဖို့ လိုအပ်မှာဖြစ်ပါတယ်။
- ဗိုက်အရမ်းအောင့်လာရင်
- ဝမ်းထဲမှာ သွေးပါလာရင်
- ၂ ရက်ကျော်တဲ့ထိ ဝမ်းသွားနေရင်
- ဆီးနည်းလာရင် (ကျောက်ကပ်ထိခိုက်တဲ့ လက္ခဏာပါ)
- အဖျား ၁၀၂ ဒီဂရီဖာရင်ဟိုက်ထက် ကျော်လာတာဆိုရင်
- ရေဓာတ်ခမ်းခြောက်တဲ့ လက္ခဏာတွေ (ရေဆာတာ၊ နှုတ်ခမ်းခြောက်တာ၊ ပင်ပန်းပြီး နုံးချိနေတာ၊ ဆီးနည်းပြီး ဆီးအရောင်ရင့်တာ) ပေါ်လာရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။
ခရီးသွားစဥ်မှာ ရာသီဥတု အပြောင်းအလဲကြောင့်နဲ့ နေရာသစ်၊ လူသစ်တွေကြောင့် စိတ်ဖိစီးပြီး ကိုယ်ခံအားကျတတ်တာတွေကြောင့်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတဲ့ ရောဂါပိုးတွေအတွက် အခွင့်အလမ်း ပိုများစေပါတယ်။
ဝမ်းပျက်ဝမ်းလျှောတဲ့အခါ အရေးအကြီးဆုံးက ဆုံးရှုံးသွားတဲ့ ရေဓာတ်နဲ့ ဓာတ်ဆားတွေကို ပြန်ဖြည့်ဖို့ပါ။ ရေဓာတ်နဲ့ ဓာတ်ဆားတွေကို အချိန်မီ ပြန်မဖြည့်နိုင်ရင် ရေဓာတ်ခန်းခြောက်တာကနေ ခန္ဓာကိုယ်တွင်းက Electrolytes လို့ခေါ်တဲ့ ဓာတ်တွေ မညီမမျှ ဖြစ်လာတာနဲ့ ကျောက်ကပ်ပျက်စီးတာကြောင့် အသက်ဆုံးရှုံးတဲ့ထိ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် BPI ဓာတ်ဆားထုပ်ကို ရေတစ်လီတာနဲ့ ဖျော်ပြီး ဝမ်းသွားတဲ့ ပမာဏနဲ့ ညီမျှတဲ့ ဓာတ်ဆားရည်ကို သောက်ပေးဖို့ အရေးကြီးပါတယ်။
ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအတွက် ရောဂါအခြေအနေပေါ်မူတည်ပြီး သင့်တော်တဲ့ ပိုးသတ်ဆေး သောက်တာ သို့မဟုတ် ထိုးတာမျိုး လိုအပ်နိုင်ပါတယ်။
ဘာတွေ လုပ်ရမလဲ?
- ပူပူနွေးနွေး ပျော့ပျော့ပြောင်းပြောင်း အစာကြေလွယ်တာတွေ စားပါ။ အစာမာတွေ၊ ဝမ်းနူးစာတွေ ရှောင်ပါ။ အရိုးပြုတ်ရည်နဲ့ စွပ်ပြုတ်ပူပူနွေးနွေးလေး သောက်ပေးနိုင်ရင် ကောင်းပါတယ်။
- ပိုတက်ဆီယမ် ကြွယ်ဝတဲ့ ငှက်ပျောသီး၊ ဖရဲသီးတွေ စားတာ အုန်းရည်သောက်တာမျိုး လုပ်ပါ။
ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်အောင် ကာကွယ်ဖို့ ဆိုရင်တော့
- ရေနဲ့ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်တွေ များများသောက်ပါ။
- အာဟာရဖြစ်အောင် စားသောက်ပါ။ ကိုယ်ခံအားကောင်းအောင် အသီးအရွက်တွေ များများစားပါ (ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်း၊ ငရုတ်ပွတွေ ပါအောင် စားပါ)။
- အစားအသောက်နဲ့ရေ သန့်ရှင်းဖို့ ဂရုစိုက်ပါ။
- လက်ကို ဆပ်ပြာနဲ့ မကြာခဏ ဆေးပါ။
ဒီအချက်တွေကို ဂရုပြုရင် ဘယ်ကိုပဲသွားသွား ဝမ်းပျက်ဝမ်းလျှော မဖြစ်ဘဲ အစကနေ အဆုံးထိ ပျော်ရွှင်ရတဲ့ ခရီးတွေ ဖြစ်နိုင်ပါလိမ့်မယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်
test 04 Aug 2023 |